တခါတလေ

ကျနော်တို့ သူငယ်ချင်းတွေ တပတ်ကို 3 ရက် Futsal ကစား ဖြစ်ကြ၏။ Futsal ကွင်း တကွင်းထဲမှာပဲ ကစား ဖြစ်၏။ ကွင်းက ဝေးပေမယ့် ကစားရတာ အဆင်ပြေတော့ အဆိုပါ ကွင်းမှာပဲ ကစား ဖြစ်ခြင်း ဖြစ်၏။ ကွင်းလည်း ကောင်းသလို ကွင်းပိုင်ရှင်ကော ကွင်းက ညီလေးတွေရဲ့ ကောင်းမွန်သော ဝန်ဆောင်မှုတွေကြောင့် ထိုကွင်းမှာပဲ စွဲစွဲမြဲမြဲ ကစား ဖြစ်ကြ၏။ ကွင်းက ညီလေးတွေနဲ့လည်း အတော်လေး ရင်းနှီးနေပြီ ဖြစ်၏။ သူတို့ အလုပ်ဝင်သက်ထက် ကျနော်တို့ အဲ့ကွင်းမှာ ကစားတာက ပိုပြီး စောတာလည်း ပါမည်ထင်။ သူတို့ ရှေ့မှာ လုပ်သွားကြသည့် ညီလေးတွေနဲ့လည်း ကျနော်တို့က အဆင်ပြေ၏။

Futsal ကန်ပြီး ကျနော်တို့ တန်းပြန်လေ့ မရှိပေ။ ကွင်းမှာ ရေချိုးကြသေး၏။ ရေချိုးရုံပဲ မဟုတ် အစားစားပြီး စကားတွေ ပြောကြသေး၏။ ကျနော်တို့က ဟင်းချက်စရာတွေ ဝယ်လာလေ့ ရှိ၏။ ကွင်းက ညီလေးကတော့ ထမင်းအိုး တည်ထားပေးလေ့ ရှိ၏။ တသင်းလုံး ထမင်းစားကြတာတော့ မဟုတ်ပေ။ 4,5 ယောက်လောက်သာ စားကြခြင်း ဖြစ်၏။

အချိန်တွေ ကြာလာတော့ သူတို့ကို ကွင်းက ကလေးတွေလို့ မမြင်တော့ပေ။ ကျနော်တို့နဲ့ တစိတ်ထဲ တသင်းထဲသားတွေ အဖြစ် ခံစားမိနေပြီ ဖြစ်၏။ သူတို့ကလည်း ကျနော်တို့ အပေါ်ကို ထိုကဲ့သို့ပင် ခံယူထားကြ၏။ ညီလေး တယောက်ဆို ကျနော်တို့ အသင်းနဲ့ ပြိုင်ပွဲတွေ ဘာတွေတောင် လိုက်ကစားလေ့ ရှိ၏။

ထမင်းက လာကန်တဲ့ရက်တိုင်း စားဖြစ်၊ စားရတယ်တော့ မရှိပေ။ ကိုယ် မစားချင်သည့်ရက်၊ သူ မချက်ထား ဖြစ်သည့်ရက်တွေနဲ့ ကြုံရင်တော့ မစားရပေ။ ပြီး ခုတလော မီးကလည်း အတော်လေး ပျက်သညါကိုး။ ကိုယ်တွေ ကစားချိန်က မီးပျက်ချိန်နဲ့တိုးရင် သူကလည်း ထမင်းအိုး ကြိုပြီး မချက်ထား ဖြစ်ရင် မစားရပေ။

တရက်သားကလည်း ထမင်း မစားခဲ့ရပေ။ မီးပျက်နေတော့ ထမင်းအိုး မတည်ထားလိုက်ရသောကြောင့် ဖြစ်၏။ ဖြစ်ချင်တော့ ထိုနေ့က အိမ်မှာကလည်း ထမင်း မကျန်ပေ။ သို့နှင့် ခေါက်ဆွဲ ပြုတ်ပြီးတော့သာ စားလိုက်ရတော့၏။ တဦး စေတနာ၊ တဦးမှာ မေတ္တာ ဆိုသလိုပေါ့လေ။ အပြန်အလှန်လေးစား ချစ်ခင်မှု ရှိကြ၏။ တခါတလေတော့လည်း ခုလို မစားလိုက်ရသည့် ရက်မျိုးတွေလည်း ရှိတတ်ပါသေး၏။



0
0
0.000
1 comments