သီးတော့ သီးပါရဲ့

ပိန္နဲသီးတွေကတော့ တဖြည်းဖြည်း ကြီးလို့ လာပြီ ဖြစ်၏။ အရင်လောက်တော့ အလုံးတွေ မကြီးတော့ပေ။ အတွင်းက အစံတွေလည်း အနည်းငယ် သေးသွားခဲ့၏။ ယခင်က အတွင်းအစံလေးတွေက ဖောင်းဖောင်းတုတ်တုတ် ဝဝလေးတွေ ဖြစ်၏။ ခုက သေးသေးသွယ်သွယ် ခပ်ရှည်ရှည် ဖြစ်သွားခဲ့၏။ ချိုတော့ ချိုပေမယ့် ကနဦးတုန်းလောက်ကတော့ မချိုတော့ပေ။ အချို လျော့သွားခဲ့၏။ ကနဦး အလုံးတွေ မစားဖူးလိုက်သူတွေအဖို့ အခု အလုံးတွေကလည်း ချိုပါသည်ဟု ပြောလို့ရ၏။

ဒီနှစ် အတွက် ပထမဆုံး အနေနဲ့ ပိန္နဲသီး ၃ လုံး ခူးယူ ဖြစ်ခဲ့၏။ ၁ လုံးက အနည်းငယ် အမှည့်လွန်နေသဖြင့် ခွဲပြီး အိမ်နားနီးချင်းတွေကို ဝေပေးလိုက်၏။ ကျန် ၂ လုံးကိုတော့ အိမ်နားက ဘုန်းကြီးကျောင်းသို့ သွားလှူ လိုက်၏။ ရက်ပိုင်းလောက် ကြာပြီးနောက်မှာ နောက်ထပ် ၅ လုံး ထပ်ခူး ဖြစ်၏။ အမကြီးက သူ့ အသိကို ၂ လုံး ပေးလိုက်ပြီး ကျန် ၃ လုံးကိုတော့ ကျနော့် အသိကို ပေးလိုက်၏။

ကျနော်တို့ အသီးခူးသည့် ပုံစံက မမှည့်ခင်နှင့် အမှည့်လွန်မှ ခူးခြင်းမျိုး မဟုတ်ဘဲ မှည့်ခါနီး အချိန်မှာ ခူးခြင်း ဖြစ်၏။ ရက်ခြားလောက်နေရင် အသီးအနေအထားကို လိုက်စစ်ကြည့်ပြီး ခူးတန်တာ ခူး၊ မှတ်တန်တာ မှတ် စတာမျိုးတွေ လုပ်ရ၏။ အလုံး၊ အစံ သေးသွားသည့် ကိစ္စ အပြင် အသီးတွေ ပုပ်သည့် ပြဿနာကလည်း ရှိသေး၏။

အရင်ကထက်ကို ခုက အသီးတွေ ပိုပြီးပုပ်၏။ ဘာကြောင့်ရယ်တော့ မသိပေ။ ကျနော် အမေ့ကို စနောက်လေ့ ရှိသည့် အမေ ခုတ်မယ် ပြောပြီး ကတည်းက အဲ့လို ဖြစ်ကုန်တာ ဆိုသလိုပင်။ တကယ်လည်း တိုက်တိုက်ဆိုင်ဆိုင်ကိုး။ အိမ်နဲ့ ကပ်နေသဖြင့် ခုတ်မှ ထင်တယ်ဟု အမေ ပြောဖူး၏။ ထို့နောက်မှာ ကာလတခုစာလောက် အသီး မသီးပေ။ ပြန်သီးချိန်မှာတော့ ယခင်လောက် အလုံး မကြီး၊ အလုံးမလှ တော့ပေ။ အစံလည်း သေးသွား၏။ ပုပ်သည့် အလုံးတွေလည်း ပိုများလို့ လာခဲ့၏။ အချိုလည်း ပေါ့သွားခဲ့၏။

ဒီနေ့တော့ အပင်ကို စကား သေချာလေး ပြောဖြစ်၏။ ‌ကိုယ်တွေချည်း စားတာ မဟုတ်ဘဲ လှူသင့်တာ လှူပြီး အသိမိတ်ဆွေ များကိုပါ မျှဝေပေးခြင်း ဖြစ်သမို့ အသီး နည်းချင် နည်းပါစေ ကောင်းကောင်းနဲ့ ကြီးကြီး သီးပေးဖို့ကိုပေါ့။ အမေကတော့ ရယ်နေ၏။



0
0
0.000
5 comments