ကြိုက်ရာရွေး၊ မကြိုက်လည်း ရွေး

မိုးက ဒီရက်ပိုင်း အတော်ရွာ၏။ တစိမ့်စိမ့်နဲ့ တအိအိ ရွာနေခြင်း ဖြစ်၏။ နေကို မတွေ့ရတာ ရက်အတော်ကြာနေပြီ။ မိုးအရွာ တိတ်သွားရင်တောင် မလင်းရှင်းသွားဘဲ မိုးသားတွေ ဆက်လက်ပြီး အုံ့လို့နေ၏။ နေက မပွင့်တော့ လျှော်ထားသည့် အဝတ်တွေလည်း တော်တော်နဲ့ မခြောက်တော့ပေ။ ဒါလည်း တဒုက္ခ။ မိုးက ရွာတဲ့နေရာမှာကြ ရက်ဆက် ရွာပြီး၊ မရွာသည့် နေရာကြပြန်တော့ လုံးလုံး မရွာပေ။ တချို့ အရပ်တွေများ မိုးခေါ်ဖို့ လွန်ဆွဲနေရသည် ဆို၏။ ပေးရရင် တောင်ပေါ်က မိုးအချို့ ထိုဒေသသို့ ပို့ပေး လိုက်ချင်၏။ သူတို့လည်း အဆင်ပြေ၊ ကိုယ်တွေလည်း အဆင်ပြေပေါ့။

ရွာသည့် နေရာကြ ရွာတွေကြီးသည်အထိ ရွာလို့ မရွာသည့် နေရာကြ ပြန်တော့လည်း ခြောက်ကပ် အနှီမိုးက မျက်နှာ လိုက်လွန်းလှ၏။ ‌စစ်ဘေးရှောင်နေရသူတွေ အတွက် မိုးက အခက်ပိုစေသည် မဟုတ်လား။ ရွာသင့်သလောက်ရွာ တော်ရောပေါ့။ ရာသီဥတု အစိုးမရ ဆိုသလိုပေါ့။ ကိုယ် ဖြစ်စေချင်သည့် အတိုင်းတော့ ဘယ်မှာလာလို့ ဖြစ်နိုင်မည်နည်း။ တစိမ့်စိမ့် ရွာသည့် မိုးကြောင့် ဘယ်မှာလဲ မသွားဖြစ်၊ မလာ ဖြစ်ပေ။ အရင်ကလည်း သိပ် မထွက်ဖြစ်ပေ။ ခုက မိုးပါရွာနေတော့ ပိုလို့တောင် မသွားဖြစ်၊ မထွက်ဖြစ်ပေ။ Futsal ကန်ချိန် လောက်သာ ထွက်ဖြစ်၏။ မိုးရွာရွာ နေပူပူ Futsal ကတော့ အကန်၊ အကစား မပျက်ပေ။

ဒါကတော့ ကျနော် တယောက်ထဲရယ်မှ မဟုတ် ကျနော်တို့ တသင်းလုံးက ထိုအတိုင်းပင်။ အလုပ်ကိစ္စ ဘာညာ ကြောင့်သာ မလာ ဖြစ်ရင် မလာဖြစ်မယ်၊ ရာသီဥတုကြောင့် မလာဘူး ဆိုတာကတော့ မရှိသလောက်ပင်။ မိုးကြီး လေကြီးနေလည်း မိုးကာတွေ ဝတ်ပြီး ရောက်အောင် လာကြတာပဲ။ ပျော်ရတာကိုး။ ဒီကာလကြီး ပျော်စရာက ရှားသည် မဟုတ်လား။ ကျနော်တို့ အတွက် ပျော်စရာက သူငယ်ချင်းတွေနဲ့ Futsal ကစားခြင်း ဖြစ်ချေ၏။

မိုး တအိအိ ရွာနေပေမယ့် မီးကတော့ သဘောကောင်းနေ၏။ ဘာကြောင့်ရယါ မသိ ရက်အတော်ကြာ မပျက်ဘဲ လာနေ၏။ ၄ နာရီ လာ၊ ၄ နာရီ ပျက်ရမှာကို တောက်လျှောက်တွေ လာနေ၏။ ပျက်ချိန် မပျက် ပြန်တော့လည်း နေရခက်ပြန်၏။ လူ့စိတ်က ရယ်ရသားလား။

အရာရာ တိုးတက်ဖို့ တာဆူနေသည့် တိုင်းပြည်လေး ဘဘချီး လက်ထက်မှာတော့ အဖက်ဖက်မှာ ပြန်လည်လို့ ဆုတ်ယုတ် သွားခဲ့ရပြီ ဖြစ်၏။ အရာရာ အကန့်အသတ်တွေနဲ့။ မီးလည်း အချိန်နဲ့၊ စားအုန်းဆီ တန်းစီ၊ စက်သုံးဆီ တန်းစီ အရာရာ ဈေးကတက်နဲ့ ပြည်သူတွေမှာ ဒုက္ခပြီး ဒုက္ခနဲ့ ဒုက္ခ သံသရာထဲ မျောနေရတော့၏။ ပြည်သူတွေ ခမြာ ဝဋ်ကြီးချက်။

တောက်လျောက် လာနေသည့် မီး ဒီနေ့ နေ့လည်မှာ ထပျက်သွား၏။ ပသို့ကြောင့်ရယ်တော့ မသိပေ။ ကျနော်တို့ ရပ်ကွက်သာ လာနေတာ၊ ပျက်သည့် ရပ်ကွက်ကြပြန်တော့လည်း အရင်အတိုင်း အချိန်နဲ့လာ အချိန် မတိုင်ခင် ပျက်နဲ့ဟု ဆို၏။ နို့ဆို ကျနော်တို့ကို အဘယ်ကြောင့် ရက်‌ဆက် မီးတွေ ပေးသနည်းပေါ့။ ဘာကြောင့် ပေးသည် ကိစ္စ မရှိပေမယ့် ပြန်ပျက်သွားချိန် မကြာဖို့တော့ လို၏။ တော်နေကြာ အကြာကြီး ပေးထားလို့ အကြာကြီး ဖျက်နေမှဖြင့်။

ဒုက္ခကို ဆေးဆိုးဖို့တောင် လက် မလည်တော့ပေ။ ဒုက္ခ ‌အရွယ်အစား အမျိုးမျိုး ပေါင်းစုံနဲ့ ဆိုတော့။



0
0
0.000
10 comments
avatar

မိုး ဆိုတဲ့ကောင် အတော် နောက်တဲ့ကောင်။
ရွာစေချင်ရင် မရွာနိုင်ဘူး။
မရွာစေချင်ရင် အနီးလေးရောက်လို့လာ
သီချင်းဆိုရမလိုလို။
!LOLZ
!MEME

0
0
0.000
avatar

ကျနော်တို့ဆီတော့ တပတ်လောက် ရှိတော့မယ် တအိအိနဲ့ ရွာနေတာ။

0
0
0.000
avatar

$ စျေးတွေခုရက်ပိုင် မြင်မကောင်းဘူးဗျာ

0
0
0.000
avatar

ဒီကောင်တွေ ပြည်သူတွေအပေါ် သဘောကောင်းတယ်ဆိုတာ ရှိမှမရှိတာ။ သူတို့အတွက် လိုအပ်လို့သာ ပေးနေတာပါ။

0
0
0.000
avatar

ဒုက္ခတွေပဲ ပေးနေတာပါ ဒင်းတို့က။

0
0
0.000