EPL is Starting
(photo from Manchester United Facebook page)
ဒီတပတ် စနေနေ့ August 17 ရက်နေ့မှာတော့ 2024/25 EPL ပွဲစဉ်များ စတင် ကစားမည် ဖြစ်၏။ အဖွင့် ပွဲစဉ် အဖြစ် နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ Man United vs Fulham အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ မနှစ်ကထက် ဒီရာသီမှာ ခြေလှမ်း သွက်သွက်နဲ့ လူခေါ်ယူမှုတွေ ပြုလုပ်ထားတဲ့ Man United တို့ အနေဖြင့် ဘယ်လို အနေအထား ရှိနေမလဲ ဆိုတာ အဖွင့်ပွဲစဉ်မှာ ကြည့်ရတော့မည်။ မနက် 1 နာရီခွဲဆိုတော့ အခြေအနေရပင်။ အစောအိပ်ဖြစ်ပြီး အကယ်လို့ တရေးနိုးချိန်နဲ့ တိုက်ဆိုင်ခဲ့ရင်တော့ ကြည့်ရှု အားပေးရပေလိမ့်ဦးမည်။
ဒီနှစ် တိုက်စစ်နဲ့ နောက်တန်း ခေါ်ယူထားမှုက မဆိုးဟု ပြောလို့ရမည်။ အလယ်တန်းမှာတော့ အနည်းငယ် အားဖြည့်ဖို့ လိုနေသေး၏။ ဂိုးသမား နေရာကတော့ သိပ်ပြီး အားရစရာ မရှိပေ။ မနှစ်က ကျနော်တို့ကို စိတ်ဒုက္ခ အတော်ပေးခဲ့သည့် Onana ကပဲ Man United ဂိုးပေါက်မှာ ဆက်ရှိနေမည် ဖြစ်၏။ Man United နည်းပြ အဖြစ် Ten Hag ရောက်လာပြီး ကတည်းက ယခင် သူ့အသင်းဟောင်း Ajax က ကစားသမားတွေကို ပိုပြီး ခေါ်ယူတာ များနေတော့ United အသင်းလား၊ Ajax အသင်းလား မသဲကွဲနေတော့ပေ။
သူ့တပည့်ကျော်တွေက Ajax မှာ စွံကောင်းစွံပေမယ့် United မှာတော့ ခုထိ အလုပ် မဖြစ်သေးပေ။ Antony ပဲကြည့်။ ဈေးကြီး ပေးခေါ်ခဲ့ရပြီး ခုထိ လောက်လောက်လားလား ခြေစွမ်းပြထားတာမျိုး မတွေ့ရသေးပေ။ ခေါ်ယူထားသည့် ကစားသမားတွေထက် ငယ်မွေးခြံပေါက် ကစားသမားလေးတွေကတောင် ပိုအဆင်ပြေ၊ ခြေစွမ်းပြနေသေးသည်ဟု ဆိုရမည်။ ခြံပေါက် ကစားသမားပေမယ့် လက်ရှိမှာ စီနီယာ ကစားသမား ဖြစ်နေပြီ ဖြစ်သည့် Rashford ကတော့ ဒီနှစ်လည်း စွံဦးမည် မထင်။ မနှစ်ကလည်း ခြေစွမ်းပိုင်းအရ ရုန်းကန်နေရမှုတွေ ရှိခဲ့၏။
ဒီနှစ်မှာ တခေတ်တခါက United ရဲ့နာမည်ကျော် တိုက်စစ်မှူး Van Nistelrooy ရဲ့ ဦးဆောင် လမ်းပြပေးမှုကြောင့် Rashford အနေဖြင့် ခြေစွမ်းတွေ တိုးတက်လာမလားဆိုနေ ပြီးခဲ့သော Community Shield ပွဲတုန်းက ကစားသွားပုံက ဒုံရင်း ဒုံရင်းပင်။ ယခင် ခြေစွမ်း၊ ယခင် Rashford ကို မမြင်ရတာ အတော်လေး ကြာခဲ့ပြီ။ Fulham နဲ့ပွဲမှာ သူပဲ အထောင်တိုက်စစ်နေရာက ပွဲထွက်လာဖို့ ရှိ၏။ Hojlund ကော Zirkzee ကော ဒဏ်ရာ ပြဿနာတွေ ရှိသောကြောင့် ဖြစ်၏။
မည်သို့ပင် ဆိုစေ အဖွင့် ပွဲစဉ်ကိုတော့ အနိုင်နဲ့ စဖွင့်ချင်ပါ၏။ ကျနော့် FPL အသင်းမှာလည်း ဒဏ်ရာ ပြဿနာ ကြုံနေရသူ 2 ယောက်ရှိ၏။ Hojlund နဲ့ Branthwaite တို့ ဖြစ်၏။ ဂိမ်းကမစရသေးဘူ၊ အမှတ်က ခုကတည်းက မရချင်ချင် ဖြစ်နေပြီ။ အင်းလေ စကတည်းက ဆုရဖို့ထက် ပိုစ့်တင်ဖို့ အကြောင်းအရာ ရရင် တော်ပြီ တွေးထားခဲ့သည် မဟုတ်လား။ ရသလောက်ပေါ့။ Classic League မှာ ကြမ်းကပ်ခဲ့ရင်တောင် Head to Head မှာတော့ အနိုင်ရပြီး ဆုအဖြစ် Hive လေးဘာလေး တပတ်ခြား နှစ်ပတ်ခြားလောက် ရရင်ကို မဆိုးပါဘူးလေ။
ကဲ ဘောပွဲကြည့်ရင်း FPL ကစားကာ Hive တွေ ရယူနိုင်ကြပါစေ။